အိုးဝေမဂ္ဂဇင်းဟာ ကျောင်းသားလှုပ်ရှားမှုသမိုင်း၊ လွတ်လပ်ရေးသမိုင်း၊ စစ်အာဏာရှင်စနစ်
ဆန့်ကျင်တိုက်ဖျက်ရေးသမိုင်း တွေ မှာ ချန်လှပ်မရတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့ပါတယ်။ ကိုအောင်ဆန်း၊ ကိုညိုမြ တို့ ခေတ်ကစလို့ ယနေ့တိုင် ခေတ်အဆက်ဆက် အဖိနှိပ်ခံလူထုဘက်က အစဉ်တစိုက် ရပ်တည် တိုက်ပွဲဝင်ခဲ့ပြီး အစဉ်အလာကြီးမားလှတဲ့ ကျောင်းသားသမဂ္ဂ မဂ္ဂဇင်းလည်းဖြစ်ပါတယ်။
ဦးဆုံးအနေနဲ့ အိုးဝေမဂ္ဂဇင်း ပေါ်ပေါက်လာပုံ နဲ့ သမိုင်း ကို အကျဉ်းတင်ပြလိုပါတယ်။ ၁၉၃၁၊ ဇန်နဝါရီ မှာ နိုင်ငံရေးလှုပ်ရှားကြတဲ့ ကျောင်းသားတွေ ထုတ်ဝေခဲ့တဲ့ “တက္ကသိုလ်ကျောင်းသားများမဂ္ဂဇင်း” အဖြစ်ကနေ ၁၉၃၁ မှာပဲ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) ဖွဲ့စည်းပြီးတဲ့အခါ “ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ မဂ္ဂဇင်း” အဖြစ် ဆက်လက်ထုတ်ဝေခဲ့ဟန်တူပါတယ်။ ၁၉၃၅-၃၆ မှာ သမဂ္ဂ မဂ္ဂဇင်းကိုအိုးဝေ မဂ္ဂဇင်းအဖြစ် အမည်ပြောင်းလဲခဲ့တယ်။ ပထမဆုံး အိုးဝေတာဝန်ခံ အယ်ဒီတာဟာ ကိုအောင်ဆန်း (၁၉၃၆) ဖြစ်ပြီးတော့ နောက်ဆုံး တာဝန်ခံအယ်ဒီတာကတော့ မကြာသေးခင် ဇူလိုင်လ ၁၆ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ ဦးလှရွှေပါ။ ၂၀၁၂ နောက်ပိုင်းမှာ ဗကသများအဖွဲ့ချုပ်ကနေ အိုးဝေမဂ္ဂဇင်းတွေ ထုတ်ဝေခဲ့ဖူးပါတယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကလည်း အိုးဝေစာစောင် သုံးကြိမ်ထုတ်ဝေခဲ့ပြီး ၂၀၂၀ မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက တစ်ကြိမ်ထုတ်ဝေခဲ့ဖူးပါတယ်။
အခု နွေဦးတော်လှန်ရေးကာလမှာတော့ ဗကသများအဖွဲ့ချုပ် နဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တို့ကနေ အိုးဝေစာစောင် ကို ရှစ်လေးလုံးနှစ်ပတ်လည်အထူးထုတ်အဖြစ် ပြန်လည်ထုတ်ဝေတော့မှာ ဖြစ်ပါတယ်။
ကျောင်းသားထု၊ လူထုအသံတွေနဲ့အတူ အဖိနှိပ်ခံတို့ရဲ့အိုးဝေဟာ ပုံမှန်ဆက်လက်ထွက်ရှိလာတော့မှာဖြစ်တဲ့အတွက်လည်း စောင့်ကြည့်ဖတ်ရှူပေးကြဖို့ နဲ့ စာမူများရေးသားပေးပို့ကြဖို့ တပါတည်းတိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
ဘယ်လိုစာမူအမျိုးအစားတွေပေးပို့နိုင်မလဲ၊ ဘယ်ကိုပေးပို့ရမလဲ စတာတွေကို အသေးစိတ်ထပ်မံကြေညာပေးသွားပါမယ်။